ငွေစုဘဏ်လုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ၏ ချွေတာစုဆောင်းခြင်းအလေ့အထကို ပြုစုပျိုးထောင်ရန်၊ လုံခြုံစိတ်ချရသော ငွေစုနည်းဖြင့် စုဆောင်းကြစေရန်၊ ငွေအရင်းအနှီး စုဆောင်းခြင်းအလေ့အထ တိုးတက်စေရန်၊ ပြည်သူများ၏ စားဝတ်နေရေးအဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်ခြင်းကြောင့် တစ်ဦးချင်းစာရင်း၊ သက်ငယ်စာရင်း၊ တွဲဘက် ‘က’ (သို့မဟုတ်) တွဲဘက်’ခ’ စာရင်း၊ အာမခံငွေစာရင်း၊ ပြည်သူ့ငွေစာရင်းဟူ၍ ငွေစုဘဏ်အပ်နှံသည့်အမျိုးအစားများ ခွဲခြားသတ်မှတ်ကာ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။ ငွေစုဆောင်းသူများသည် “မည်သူမျှ နိုင်ငံတော်ပိုင် ငွေကြေးဖြင့်ဖြစ်စေ၊ နိုင်ငံတော်ကငွေကြေးထည့်ဝင်ထားသော အဖွဲ့အစည်းပိုင်ငွေဖြင့်ဖြစ်စေ၊ ငွေစုဘဏ်စာရင်းဖွင့်လှစ်ခွင့် (သို့မဟုတ်) ငွေစုလက်မှတ်ဝယ်ယူခွင့်မရှိစေရ” ဟု ပြဌာန်းချက်နှင့်အညီ စုဆောင်းရန်လိုအပ်ပါသည်။ ငွေစုစာအုပ်အပြင် ကျပ်-၁၀၀၀၀/- တန်၊ ကျပ်-၅၀၀၀၀/- တန်၊ ကျပ် ၁၀၀၀၀၀/- တန်၊ ကျပ် ၅၀၀၀၀၀/- တန်၊ ကျပ် ၁၀၀၀၀၀၀/- တန် အမျိုးအစားအလိုက် ငွေစုလက်မှတ်များ ဝယ်ယူစုဆောင်းခြင်း၊ (၁)လ၊(၃) လ၊ (၆)လ၊ (၉)လ၊ (၁)နှစ်ကာလရှိသည့် စာရင်းသေအပ်နှံငွေများ အပ်နှံခြင်းပြုလုပ်နိုင်ပါသည်။ ငွေစုဘဏ်လုပ်ငန်းအပ်ငွေအတွက် ၆%၊ ငွေစုလက်မှတ်စုဆောင်းငွေအတွက် ၇%၊ စာရင်းသေအပ်ငွေသက်တမ်းအလိုက် (၂.၅.၂၀၁၈)ရက်နေ့မှစ၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်)အဖွဲ့အစည်း တစ်ခုအတွက် အများဆုံးကျပ်သန်း(၅၀၀)အထိ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ(၁)လအတွက် ၆ %၊ (၃)လအတွက် ၆.၂၅%၊ (၆)လအတွက် ၆.၅%၊ (၉) လအတွက် ၆.၇၅%နှင့် (၁) နှစ်အတွက် ၇% ဖြင့် အသီးသီးအတိုးပေးလျက်ရှိပါသည်။ ငွေစုသူများအနေဖြင့် သက်တမ်းစေ့ရောက်သည့်နေ့တွင် ဘဏ်သို့လာရောက်၍ ငွေသားထုတ်ယူလိုပါက ချက်ချင်းထုတ်ပေးမည်ဖြစ်ပါသည်။ စာရင်းသေအပ်ငွေ အပ်နှံသူ၏ Standing Instruction အရ ပြန်အမ်းငွေအား ထပ်မံစုဆောင်းလိုကြောင်း ဖော်ပြထားပါက အရင်းငွေနှင့် ကျသင့်သည့်အတိုးငွေ၏ ကျပ်သိန်းဂဏန်းအထိ ပမာဏအား ထပ်မံစုဆောင်းငွေအဖြစ် သက်တမ်းတိုးမြှင့် ဆောင်ရွက်ခြင်း(Roll over) ပြုလုပ်ပေးပါသည်။