ဘဏ်နှင့်ဆက်သွယ်သူပြည်သူများသို့ အသိပေးကြေညာချက်

မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင် ကျင့်သုံးလျက်ရှိသည့် ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေသည့် အမျိုးမျိုးသော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ ဘဏ်နှင့်ဆက်သွယ်သူပြည်သူများ၏ အပ်နှံငွေများမှ ငွေသားထုတ်ယူခြင်းကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲတစ်ခုသည် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းရသည့် အခြေအနေဖြစ်ပေါ်ပါက ယင်းဘဏ်ခွဲရှိ စာရင်းဇယားအချက်အလက်များကို မြန်မာ့စီးပွားရေးဘဏ်၊ ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံး၊ ခရိုင်ဘဏ်ခွဲအဆင့်ဆင့်တို့တွင် စနစ်တကျထိန်းသိမ်းထားရှိခြင်းကြောင့် သက်ဆိုင်ရာဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများ နစ်နာမှုမရှိစေရန် အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှတစ်ဆင့် ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ပြည်သူပြည်သားအကျိုးအတွက် အစဉ်အလေးထား ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

မြန်မာ့စီးပွားရေးဘဏ်