ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၁၃-၂-၂၀၂၃ရက်နေ့ နံနက် ၈နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် မြတ်ပန်းသဇင်ခန်းမ၌ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာများ၊ မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီး/ပြည်နယ်များမှမန်နေဂျာများနှင့် ခရိုင်ဘဏ်ခွဲမန်နေဂျာများတက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိသည့် နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက် နေသည့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပကတိအခြေအနေများအပေါ်အခြေခံ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် အလေးအနက်ထားညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး မြန်မာ့စီးပွားရေးဘဏ်က အကောင်အထည်ဖော်ရန်ချမှတ်ထားသည့်ဦးတည်ချက်(၆)ရပ်ကို အောင်မြင်စွာအကောင်အထည်ဖော်ရေးအတွက် ဘဏ်ဝန်ထမ်းများအားလုံး က လက်တွဲညီညီဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံရပ်တည်ရင်ဆိုင်ရင်း ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ ကြသည့် ဘဏ်ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအားအသိအမှတ်ပြုပါကြောင်း ၊ လက်ရှိအခြေအနေတွင် အချို့ဒေသများ၌ ပြည်သူများဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ဘဏ်ဝန်ထမ်းများက အခက်အခဲများကြားမှဆောင်ရွက်ပေးနေရသဖြင့် တာဝန်ရှိသူများအနေဖြင့် ဘဏ်ဝန်ထမ်းများနှင့်အမြဲထိတွေ့၍ ကြီးကြပ်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ လိုအပ်ပါကသက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးကြစေလိုကြောင်း။
ထို့ပြင်ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ယှဉ်တွဲဆောင်ရွက်နေရသည့်ကာလဖြစ်၍ ကျန်းမာရေးကို အထူးဂရုပြုပြီးဆောင်ရွက်စေလိုကြောင်း ၊ အရာရာတွင်သတိနှင့်ယှဉ်လျက်လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့် သတင်း လုံခြုံရေးတို့ကို အမြဲဂရုစိုက်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေများထူထောင်၍ စီးပွားရေးလုပ်ငန်းရှင်များသို့အတိုးနှုန်းသက်သာသောချေးငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME)စသည့် ကဏ္ဍာစုံသို့ချေးငွေများပံ့ပိုးထုတ်ချေးလျက်ရှိပြီး ချေးငွေများကို မူလရည်မှန်းချက်များ မပျောက်ပျက်စေဘဲ အကျိုးရှိရှိထိရောက်စွာဖြင့် စနစ်တကျသုံးစွဲနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ထုတ်ချေးထားသောချေးငွေများကို သတ်မှတ်ပေးထားသည့်ကာလအတွင်း ချေးငွေစည်းကမ်းချက်များနှင့်အညီ ပြန်လည်ပေးဆပ်နိုင်ရေးကိုလည်း အမြဲမပြတ် တွန်အားပေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း။
Non-Performing loan(NPL) များကျဆင်းရေးနှင့် Quality loan များ ဖြစ်လာစေရေးတို့ကို ရည်မှန်းချက်ထား၍ ယင်းလုပ်ငန်းများအောင်မြင်စေရန် ဘဏ်ဝန်ထမ်းများအားလုံးက အသိစိတ်ဓာတ်ရှိရှိဖြင့် ကြိုးပမ်းဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ နည်းပညာပြောင်းလဲတိုးတက်လာမှုများနှင့်အတူ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကိုလည်း Cash-based Society မှ Cashless Society အဖြစ်သို့ ရောက်ရှိနိုင်ရေးအတွက် တဖြည်းဖြည်းတိုးမြှင့်ဆောင်ရွက် လျက်ရှိရာ နိုင်ငံတကာအဆင့်မီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုစနစ် (Core Banking) အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်နှင့် ဘဏ်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ ထို့ပြင်ဘဏ်လုပ်ငန်းစနစ်ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့် ဘဏ်ဝန်ထမ်းမျာအနေဖြင့်လည်း တိုးတက်ခေတ်မီသည့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်လေ့လာပြီး လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာရေးကို မျက်ခြည်ပြတ်မခံဘဲ လေ့လာဆည်းပူးကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။
နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက်နှစ်ချုပ်စာရင်းပိတ်ညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများအပြင် စာတမ်း ဖတ်ပွဲများ၊ ကဏ္ဍအလိုက်ဆွေးနွေးညှိနှိုင်းပွဲအပါအဝင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။