မိဘပြည်သူပင်စင်စားများသို့အသိပေးပန်ကြားခြင်း

အငြိမ်းစားများအနေဖြင့် အောက်ဖော်ပြပါ နည်းလမ်းများအနက် မိမိတို့နှစ်သက်ရာနည်းလမ်း အသုံးပြု၍ အငြိမ်းစားလစာထုတ်ယူနိုင်ပါသည်။

(၁)     အငြိမ်းစားစာအုပ်

(၂)      E-Pension Smart Card

(၃)     Automated Teller Machine

(၄)     Mobile Payment

Mobile Payment စနစ်

          မြန်မာ့စီးပွားရေးဘဏ်သည် Mobile Providers များဖြစ်သည့် Myanmar Mobile Money(MMM)၊ Wave Money ၊ MPT Money ၊MytelPay တို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်၍ မိုဘိုင်းစနစ်ဖြင့် အငြိမ်းစားလစာ ထုတ်ပေးလျက်ရှိပါသည်။

          မည်သည့် SIM Card ကိုင်ဆောင်သူ အငြိမ်းစားမဆို မိမိဆန္ဒရှိသည့် Mobile Payment အသုံးပြု၍ လစာထုတ်ယူနိုင်ပါသည်။ Mobile ဖုန်းဖြင့် အငြိမ်းစားလစာထုတ်ယူနိုင်ရန်အတွက် ဘဏ်သို့ စေခိုင်းလွှာ (Standing Instruction) ပေးထားခြင်းဖြင့် မိမိနှင့်နီးစပ်ရာရှိ Mobile Provider များခန့်အပ်ထားသည့် ပြင်ပအေးဂျင့်များထံတွင် လစာထုတ်ရက်ဖြစ်သည့် (၂၁)ရက်နေ့မှစတင်ကာ (၂၄/၇)နာရီ လွယ်ကူစွာ ထုတ်ယူနိုင်ပါသည်။

          ထိုသို့အငြိမ်းစားများအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြု၍ လစာထုတ်ယူနိုင်ရန်အတွက် မြန်မာ့ စီးပွားရေးဘဏ် စာရင်းပြောင်းဝန်ဆောင်ခငွေကျပ်-၂၀၀/-နှင့် MMM မှအပ ကျန် Service Provider ဝန်ဆောင်ခငွေကျပ်-၁၀၀/- စုစုပေါင်းငွေကျပ်-၃၀၀/-တို့ ကျခံရမည်ဖြစ်ပါသည်။ ကိုယ်တိုင်ခံစားသည့် အငြိမ်းစားဖြစ်ပါက (၆)လတစ်ကြိမ်နှင့် မိသားစုပင်စင်ခံစားသည့် အငြိမ်းစားဖြစ်ပါက (၃)လတစ်ကြိမ် ဘဏ်သို့ လူတွေ့လာရောက်စစ်ဆေးရန်လိုအပ်ပါသည်။

          MMM မိုဘိုင်းစနစ်အသုံးပြုသည့် အငြိမ်းစားများသည် မိမိတို့နီးစပ်ရာရှိ ပြင်ပအေးဂျင့်များထံတွင် လစာထုတ်ယူရာတွင် ထုတ်ယူသည့် အကြိမ်တိုင်းအတွက် သတ်မှတ်နှုန်းထားအတိုင်း ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။

          Wave Money၊ MPT Money၊ MytelPay မိုဘိုင်းစနစ်အသုံးပြုသည့် အငြိမ်းစားများသည် မိမိတို့ နီးစပ်ရာရှိ ပြင်ပအေးဂျင့်များထံတွင် လစာထုတ်ယူပါက ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် ဝန်ဆောင်ခကင်းလွတ်ခွင့်ရရှိပြီး တတိယအကြိမ်မှစ၍ အလီလီထုတ်ယူခြင်းအတွက် သတ်မှတ်နှုန်းထား အတိုင်း ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။

          အငြိမ်းစားများအနေဖြင့် မိုဘိုင်းစနစ်ဖြင့် အငြိမ်းစားလစာထုတ်ယူနိုင်သည့်အပြင် Service Providers အလိုက် ဘီလ်ပေးဆောင်ခြင်း၊ ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်တင်းခြင်းစသည့် ဝန်ဆောင်မှုများကို ဆင့်ပွားရယူနိုင်မည်ဖြစ်ပါသည်။ လတ်တလောဖြစ်ပေါ်နေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါ COVID 19 ကာလတွင် လူစုလူဝေးခြင်း၊ သွားလာစရိတ်နှင့် အချိန်ကုန်သက်သာခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။