စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာ့စီးပွားရေးဘဏ်နှင့် Digital Money Myanmar Ltd., (Wave Money) တို့ အကျိုးတူပူးပေါင်း၍ မိုဘိုင်းလ်စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းဝန်ဆောင်မှုလုပ်ငန်း သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း

               စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် Kempinski Hotel ၊ နေပြည်တော်၌ ၁၄-၃-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် Digital Money Myanmar Ltd., Wave Money တို့အကျိုးတူပူးပေါင်း၍ မိုဘိုင်းလ်စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နိုင်ရန် သဘောတူစာချုပ်လက်မှတ်ရေး ထိုးချုပ်ဆိုသည့် အခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

                  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာ့စီးပွားရေးဘဏ်သည် တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်နှင့်ကိုက်ညီသည့်နည်းပညာအသုံးပြု ဘဏ်လုပ်ငန်းအသစ်များ အကောင်အထည်ဖော်ပြီးပြည်သူသို့ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မိုဘိုင်းလ်ငွေရေးကြေး ရေးလုပ်ငန်းမှတ်ပုံတင်အမှတ်ရရှိထားသည့် Digital Money Myanmar Ltd., ( Wave Money ) နှင့်အကျိုးတူပူးပေါင်း၍ မိုဘိုင်းလ်စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်း ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပထမဦးစွာ အငြိမ်းစားဦးရေများပြားသည့် ဒဂုံ(မြောက်) ဘဏ်ခွဲမှာ Pilot Project စမ်းသပ်မှုပြုလုပ်ခဲ့ပါကြောင်း၊ မိုဘိုင်းလ် ဝန်ဆောင်မှုစနစ်ဖြင့် MPT, Telenor, Ooredoo, Mytel မည်သည့် Sim Card ကိုင်ဆောင်သူများမဆို ပင်စင်လစာထုတ်ယူနိုင်ပါကြောင်း၊ ဆန္ဒရှိသော အငြိမ်းစားများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှာ Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့အကြိမ်ကြိမ် လာရောက်ရန်မလိုအပ်ဘဲ နီးစပ်ရာပြင်ပအေးဂျင့်များတွင် အလွယ်တကူထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း၊ လစဉ်(၂၁)ရက်နေ့မှာ မြန်မာ့စီးပွားရေးဘဏ်၏ အကြောင်းကြားချက်ဖြင့် Wave Money မှ သက်ဆိုင်ရာ အငြိမ်းစားများ၏ မိုဘိုင်းလ်ဖုန်းများကို Electronic Money လွှဲပြောင်းထည့်သွင်းပေးလိုက်သည်နှင့် တစ်ပြိုင်နက် အငြိမ်းစား၏မိုဘိုင်းလ်ဖုန်းအတွင်းသို့ လစာထုတ်ယူနိုင်သည့် SMS ​ရောက်ရှိမည်ဖြစ်ပါကြောင်း၊ အငြိမ်းစားများအနေဖြင့် လစဉ်( ၂၁ )ရက်နေ့မှ  နောက်လ( ၂၀ )ရက်နေ့အတွင်း  မိမိတို့အဆင်ပြေ ကြိုက်နှစ်သက်ရာ နေ့ရက်၊ အချိန်မှာ မိမိတို့မိုဘိုင်းလ်ဖုန်းအတွင်းရှိ လစာကို နီးစပ်ရာ Wave Money ​ခန့်အပ်ထားသော အေးဂျင့်များထံတွင် တစ်လုံးတည်းသော်လည်းကောင်း၊ အလီလီသော်လည်းကောင်းထုတ်ယူနိုင် ပါကြောင်း၊ အငြိမ်းစားလစာကို တစ်ကြိမ်တည်း ( သို့မဟုတ် ) နှစ်ကြိမ်ခွဲထုတ်ယူပါက အငြိမ်းစားများ အနေဖြင့် ဝန်ဆောင်ခပေးရန်မလိုဘဲ၊ တတိယအကြိမ်မြောက်မှစ၍ ထုတ်ယူသော အကြိမ်တိုင်းနှင့် Wave Money ၏အခြားသော ဝန်ဆောင်မှုများကိုရယူဆောင်ရွက်မှသာ Wave Money ရဲ့ သတ်မှတ်နှုန်းထား များအတိုင်း ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ မိုဘိုင်းလ်စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်း ဝန်ဆောင်မှုကို ရန်ကုန်ဘဏ်ခွဲ(၁)၊ အင်းစိန်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ ဒဂုံ(မြောက်)၊ လှည်းကူးစသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ( ၈ ) ဘဏ်တွင် ကနဦးဝန်ဆောင်မှုပေးသွားမည် ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှုနှင့် အငြိမ်းစားများ၏ တောင်းဆိုမှုအပေါ်မူတည်ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ တဖြည်းဖြည်း ထပ်မံတိုးချဲ့သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ အဆိုပါအခမ်းအနားသို့  ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် Wave Money မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

      မိုဘိုင်းလ်စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းသည် အငြိမ်းစားအနေဖြင့် ပင်စင်လစာထုတ် ရက်များတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ စုပြုံရသည့် အခက်အခဲကင်းဝေးပြီး မိမိတို့နှင့်နီးစပ်ရာ အေးဂျင့်များတွင် အငြိမ်းစားလစာကို လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင်သောကြောင့် သွားလာစရိတ် သက်သာခြင်း၊ အချိန်ကုန်သက်သာခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)